ခေတ်ထားဝယ်

ထားဝယ်သူ၊ ထားဝယ်သားများအားလုံး မင်္ဂလာပါ ခင်ဗျ။ ကျွန်တော်တို့ ခေတ်ထားဝယ်အဖွဲ့အနေနဲ့ ပြည်တွင်းသတင်းများကို ဒီblog မှာ အမြဲရေးသားသွားဖို့ စီစဉ်ထားပါတယ် ။ ဝေးမြေရောက်ထားဝယ်သူ၊ ထားဝယ်သားများကိုလည်း ၀ိုင်းဝန်းစောင့်ရှောက်ရေးသားပေးကြဖို့ဖိတ်ခေါ်ပါတယ်။

ဒီသီချင်းကို အလွမ်းနဲ့ ရေးတယ်

Filed under Uncategorized by thureinhlaing on 02-11-2009

တနေ့မှာ
ပြန်ဆုံဖို့ အခွင့်ရှိခဲ့ရင် …။

ခြေရာ၊ ခြေလှမ်းနဲ့ ခြေသံအချို့
အစားထိုး နေရာယူလာတဲ့
ပင့်သက်နဲ့ မျက်ရည်စတို့
စာသင်ကျောင်းကလေးတွေကလည်း
သိပ်တော် အပြစ်ကင်းစင်တဲ့ မျက်နှာကလေးတွေ
လူမသိ သူမသိ တစစ ပျောက်ကင်းသွားခဲ့ပုံ …။

၂၁ နှစ်တဲ့
ခုဆို ဒင်းကလေးဟာ
လူအိုရင့်မကြီးစစ်စစ် ဖြစ်နေတော့မှာပေါ့
သားတွေ သမီးတွေနဲ့
တောထဲ တောင်ထဲ …
တရားမ၀င်တဲ့ မြို့ကြီးပြကြီးထဲ
မျက်စိလည် လမ်းမှားနေမှဖြင့် …
ကြားကြားနေရတဲ့
လေထုတွေက
ရှုပ်ရှုပ်ပွေပွေ …။

ရေဒီယိုကလေးတွေကလည်း
သူတို့အကြောင်း
တိတိပပ ပြောပြဖို့ကို
ခုတော့ …
ဈေးကိုင် မေ့လျော့နေသလိုပဲ။

သံလွင်ကရော
ကမ္ဘာမကြေဘူးလို့
အားကောင်းမောင်းသန် သီဆိုနေဆဲလား
သောင်ရင်းမြစ်နဒီကလည်း
အရင်လို ….
တော်လှန်တေးတွေ ဟစ်ကြွေးရင်း
ပြောင်းပြန် စီးစင်းနေဆဲလား။

သားတို့သမီးတို့ရဲ့ ညတွေမှာ
ခက်ခက်ခဲခဲ ရည်တွက်မကုန်အောင်
ကြယ်တွေ အစင်းစင်းကြွေခဲ့မယ် …။

ခေတ်အဆက်ဆက် စောင့်ချင်စောင့်ရပစေ
အလျော့ပေးဆုံးရှုံးမှု ဦးခေါင်းတွေနဲ့တော့
အိမ်ကို ပြန်မလာနဲ့
ဘယ်ကိုမှလည်း
ကိုယ်လွတ်ရုန်း ထွက်မပြေးရဘူးနော်
ရေရှည်မြှုပ်နှံ …
ပြီးတော့
အဆုံးသတ်တိုက်ပွဲအတွက်
အခွင့်အခါကောင်းကိုစောင့် …
မျှော်လင့်တမ်းတရလွန်းလို့
လူညွှန့်တုံးမသွားနိုင်ပါဘူး
ဒီသီချင်းကို …။ ။

ကမာပုလဲ
copy from drlunswe.blogspot.com

မဖော်ပြဖြစ်ခဲ့တဲ့ နီကိုရဲရဲ့ အင်တာဗျူး

Filed under ဆောင်းပါး by thureinhlaing on 26-10-2009

Monday, 26 October 2009 17:42 အေးချမ်းမြေ့

မြန်မာပြည် စာနယ်ဇင်း လောကမှာ ကျင်လည်ခဲ့စဉ်က ကျမ စာရေးဆရာ နီကိုရဲနဲ့ အင်တာဗျူး ၂ ခါ လုပ်ခဲ့ဖူးပါတယ်။ ပထမအကြိမ် လုပ်စဉ်က မဂ္ဂဇင်းတအုပ်ထဲမှာ ဖော်ပြခံခဲ့ရပေမယ့် ဒုတိယအကြိမ် အင်တာဗျူးကတော့ အကြောင်း ကြောင်းကြောင့် စာမျက်နှာပေါ် မရောက်ခဲ့ပါဘူး။

ပထမအကြိမ် အင်တာဗျူးလုပ်တော့ သူက စာပေနယ်နဲ့ ရုပ်ရှင်နယ်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်၊ တိတိကျကျ ပြောရရင် သူ့ရဲ့ “စိတ်အိုင်ပက်သူ” ဆိုတဲ့ ဝတ္ထုစာအုပ် ထွက်ပြီးစပါ။
ကျမရဲ့ အယ်ဒီတာက ခိုင်းတာနဲ့ပဲ သူနဲ့ အင်တာဗျူးဖို့ သူနေတဲ့ သုဝဏ္ဏ တံတားကြီးဘေးက ရပ်ကွက်ကို ရောက်ခဲ့ပါတယ်။ အဲဒီတုန်းက ကျမကို “စိတ်အိုင်ပက်သူ” ဝတ္ထုစာအုပ်တအုပ် သူ့လက်မှတ်နဲ့ လက်ဆောင်ပေးလိုက်ပါတယ်။ စိတ်အိုင်ပက်သူ ဝတ္ထုကို ရုပ်ရှင်ရိုက်တော့မယ့် ကိစ္စနဲ့ ပတ်သက်ပြီး အင်တာဗျူးတာဖြစ်ပေမယ့် တခြား အင်တာဗျူးနဲ့မဆိုင်တဲ့ အကြောင်းအရာတွေ၊ သူ့ရဲ့ အလွဲတွေနဲ့ သူ့ရဲ့ ဝတ္ထုတွေ အကြောင်း ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ပြောဖြစ်ခဲ့ကြပါတယ်။

အင်တာဗျူးသူနဲ့ အဗျူးခံသူ၊ စာရေးသူနဲ့ စာဖတ်သူ၊ စာနယ်ဇင်းလောကသားချင်း ဆိုတဲ့ အနေအထားနဲ့ သူနဲ့ကျမလည်း ရင်းနှီးမှုရခဲ့ပါတယ်။ အဲဒီတုန်းက သူ့ ဇနီးက ကိုယ်ဝန်အရင့်အမာကြီးနဲ့၊ သူ့အနေအထားက ရွှေခေတ် လို့ ပြောရတဲ့အချိန်။ နီကိုရဲရဲ့ ဇာတ်ညွှန်းတွေနဲ့ ဗီဒီယို ကားတွေ ဟောတကား၊ ဟောတကား ရိုက်ကူးထုတ်လုပ်နေချိန် … သိပ်ကို အောင်မြင်နေတဲ့ အချိန်လို့ ပြောလို့ရပါတယ်။ ၂၀၀၂ ခုနှစ် ဝန်းကျင်ပေါ့။

အဲဒီတုန်းက ကျမက ပေါ့ပ် ဂျာနယ်တစောင်မှာ ဆိုတော့ တချို့ ရုပ်ရှင်ရိုက်ကွင်းတွေအထိ သွားရတဲ့အခါမှာ သူနဲ့ ထပ်ဆုံဖြစ်၊ စကားတွေ ပြောဖြစ်ပါသေးတယ်။ သူနေတဲ့ အိမ်ရဲ့ နောက်ဖေး လမ်းမှာရှိတဲ့ မီးရထားလမ်းဘေးက ရပ်ကွက်ကို ရုပ်ရှင်သမားတွေက အခြေခံလူတန်းစား တွေနဲ့ ပတ်သက်တဲ့ ကားတွေရိုက်ဖို့ သုံးတတ်ကြပါတယ်။ အဲဒီနေရာကို ရိုက်ကွင်းတည်တဲ့အခါ စာရေးဆရာ နီကိုရဲရဲ့ အိမ်မှာ စတည်းချ ကြလေ့ရှိပါတယ်။ အဲဒီဘက်က ရိုက်ကွင်းတွေကို သွားရတဲ့အခါမှာလည်း ကျမက မင်းသမီးကို၊ မင်းသားကို၊ ဒါရိုက်တာကို သူ့အိမ်မှာ ထိုင်ပြီး ဗျူးဖြစ်ပါတယ်။ သူ့ရဲ့ မွေးခါစ သားလေးကိုလည်း ဝင်ကြည့်ဖြစ်ပါတယ်။ သူ့အနေအထားကတော့ စာပေနယ်၊ ရုပ်ရှင်နယ်မှာ အဆင်ပြေနေ ဆဲကာလပါပဲ။

အဲဒီနောက်တော့ ကျမ ပေါ့ပ်ဂျာနယ်ကနေ သတင်းဂျာနယ်လိုင်းဘက် ကူးဖြစ်ပါတယ်။ သတင်းတွေနဲ့ ရှုပ်နေတဲ့အချိန်မှာတော့ ကျမ စာရေးဆရာ နီကိုရဲနဲ့ နည်းနည်းအဆက်ပြတ်သွားပါတယ်။ ဒါပေမယ့် တခါတလေ မြို့ထဲက လက်ဖက်ရည်ဆိုင်မှာ၊ စာပေနယ်က တယောက်ယောက်ရဲ့ အသုဘ၊ မင်္ဂလာ အခမ်းအနားတချို့မှာ သူနဲ့ ခဏတဖြုတ်ဆုံမိ၊ နှုတ်ဆက်မိတာမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် သူက အခမ်းအနားတွေဘာတွေလည်း သွားခဲတယ် ထင်ပါရဲ့၊ ကျမနဲ့ နောက်ပိုင်း သိပ်မဆုံဖြစ်ကြဘူး။

၂၀၀၄၊ ၂၀၀၅ ဝန်းကျင် တရက်မှာတော့ ကျမကို စာရေးဆရာမ ခက်မာက ဖုန်းဆက်လာပါတယ်။ “… နီကိုရဲက ပြောပြစရာတွေ ရှိနေတယ်၊ သူ နင့်ကို အင်တာဗျူးပေးချင်တယ်လို့ ပြောတယ်။ သွားလိုက်ပါလား၊ သူ့မှာ အခက်အခဲတွေလည်း အများကြီးရှိနေတယ်” လို့ မခက်မာက ပြောလာတော့ ကျမရဲ့ အယ်ဒီတာချုပ်ကို ခွင့်တောင်းပြီး သွားတွေ့ဖြစ်ပါတယ်။ အဲဒီတုန်းက သူနေတာ သုဝဏ္ဏ တံတားကြီးဘေးက ရပ်ကွက်က အိမ်မှာ မဟုတ်တော့ဘူး၊ သူ့မိဘတွေနေတဲ့ တောင်ဥက္ကလာပက အိမ်ကလေးမှာ ဖြစ်နေပြီ။

ကျမ လာတော့ သူဝမ်းပန်းတသာကြိုဆိုပါတယ်။ သူ့မှာ ပြောပြချင်တာတွေလည်း တော်တော်များနေပုံရတယ်။ ကက်ဆက် ရကော်ဒါ လေးကိုဖွင့်ပြီးတာနဲ့ သူ့ရဲ့ အခြေအနေတွေကို တရစပ်ပြောပြပါတယ်။ သူနဲ့ အင်တာဗျူးခဲ့တဲ့အတိုင်း လုံးစေ့ပတ်စေ့ “၏၊ သည်” မလွဲ ပြန်မဖော် ပြနိုင်ပေမယ့် အကြောင်းအရာ အဖြစ်အပျက်အားလုံးကိုတော့ ဒီနေ့ထိ ကျမ မမေ့သေးပါဘူး။

လုံးချင်းစာအုပ်တွေ ဟောတအုပ်၊ ဟောတအုပ်၊ ဗီဒီယိုဇာတ်ညွှန်းတွေ ဟောတကား၊ ဟောတကား ရေးသားနေရတဲ့ နာမည်ကြီး စာရေးဆရာ တယောက်အနေနဲ့ အိမ်တလုံးတော့ အပိုင်ရှိနေတယ်လို့ ကျမ ထင်ထားခဲ့ဖူးပေမယ့် သူနဲ့ အဲဒီအင်တာဗျူး လုပ်တဲ့အချိန်မှာတော့ ကျမရဲ့ အထင် လုံးဝ အလွဲကြီး လွဲနေတယ်ဆိုတာ သိလိုက်ရပါတယ်။

သူ့အိမ်လို့ ထင်ထားမိတဲ့ သုဝဏ္ဏ တံတားကြီးဘေး ရပ်ကွက်က အုတ်ခံ နှစ်ထပ်အိမ်ဟာ သူ့အိမ်မဟုတ်ပါဘူး။ သူ့ရဲ့ ထုတ်ဝေသူက နီကိုရဲ နာမည်ကြီးနေချိန်၊ လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်မှာ သဘောကောင်းစွာနဲ့ “ညီလေး ဒီမှာနေပေါ့” ဆိုပြီးပေးနေထားတဲ့ အိမ်ဖြစ် ပါတယ်။

စာရေးဆရာ နီကိုရဲနဲ့ ထုတ်ဝေသူတို့ အနည်းငယ် မကျေမလည် ဖြစ်ချိန်မှာတော့ အဲဒီထုတ်ဝေသူက ချိုသာစွာနဲ့ပဲ “ညီလေးရေ၊ အစ်ကို စီးပွားရေး မပြေလည်လို့ ဒီအိမ်ကို ရောင်းတော့မလို့” ဆိုတဲ့စကားလေးနဲ့ အိမ်ပေါ်က ဆင်းခိုင်းလိုက်ပါတော့တယ်။

ဒါကတော့ ထုတ်ဝေသူနဲ့ စာရေးသူရဲ့ ပြဿနာပါ။ ဒီပြဿနာတွေကို စာရေးဆရာ နီကိုရဲက ကျမကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။ အိမ်ပေါ်က ဆင်းခိုင်းလိုက်တာဟာ စာရေးဆရာအတွက် ပြဿနာ လုံးဝမဟုတ်ပါဘူး၊ အဲဒီအိမ်က ဆင်းခဲ့ရပေမယ့် စာရေးဆရာဆီမှာ မိဘရဲ့ အိမ် ရှိနေပါသေးတယ်။ စာရေးဆရာအတွက် ပြဿနာကတော့ “စာမရေးရတော့တဲ့” ပြဿနာဖြစ်ပါတယ်။

ကျမ သူနဲ့ အင်တာဗျူးလုပ်တဲ့အချိန် ၂၀၀၄၊ ၂၀၀၅ ဝန်းကျင် လောက်ကနေစပြီး သူကွယ်လွန်တဲ့ ၂၀၀၉ အောက်တိုဘာ ၂၃ ရက်နေ့ အထိ နီကိုရဲ ဆိုတဲ့ နာမည်နဲ့ လုံးချင်းစာအုပ်အသစ် ထုတ်ခွင့် မရှိခဲ့ပါဘူး။ အဲဒီလို လုံးချင်းထုတ်ခွင့်မရှိအောင် သူ့ရဲ့ ထုတ်ဝေသူက စာပေ စိစစ်ရေးမှာ ပိတ်ပင်ခဲ့ပါတယ်။

စာရေးဆရာနီကိုရဲ ကိုယ်တိုင် သူ့ကလောင်တံ သူရိုက်ချိုးသလိုဖြစ်မယ့် လက်မှတ်ကို ထိုးခဲ့တဲ့ … ထုတ်ဝေသူနဲ့ သဘောတူညီချက် စာချုပ် မိတ္တူကို ကျမ ဖတ်ခဲ့ရပါတယ်။ အဲဒီသဘောတူညီချက်တွေ ထဲမှာ အရေးကြီးတာတချက်ကတော့ “ထုတ်ဝေသူနဲ့ စာရေးသူ သဘောတူညီ ထားတဲ့ စာအုပ်အရေအတွက် မထွက်ပြီးမချင်း နီကိုရဲ ဆိုတဲ့ နာမည်နဲ့ လုံးချင်းပဲဖြစ်ဖြစ်၊ မဂ္ဂဇင်းအခန်းဆက် ဝတ္ထုရှည်ပဲဖြစ်ဖြစ်၊ ရုပ်ရှင် ဇာတ်ညွှန်းပဲဖြစ်ဖြစ် ရေးသားထုတ်ဝေခြင်း မပြုရ” ဆိုတဲ့အချက်ပါ။

ထုတ်ဝေသူနဲ့ စာရေးသူ ပြေလည်နေစဉ်မှာတော့ ထုတ်ဝေသူက စာရေးဆရာနီကိုရဲရဲ့ စာအုပ်တွေကို တအုပ်ချင်း ထုတ်ပေးနေခဲ့ပါတယ်။ မပြေလည်တဲ့အချိန်မှာတော့ ထုတ်စရာလည်း စာအုပ် အဆင်သင့်ရှိနေရဲ့သားနဲ့ စာအုပ်တွေကို ဆက်မထုတ်ဘဲ ထားလိုက်ပါတယ်။

ဥပမာ - စာအုပ် ၉ အုပ်ချုပ်ထားတယ် ဆိုပါတော့၊ နီကိုရဲက ၉ အုပ် ရေးပေးပြီးပြီ၊ ထုတ်ဝေသူကို အပ်ပြီးပြီ၊ ထုတ်ဝေသူကလည်း စာရေးဆရာကို ၉ အုပ်စာ ကျသင့်ငွေ ရှင်းပေးလိုက်ပြီ။ ဒါပေမယ့် အဲဒီ ၉ အုပ်ကို ထုတ်ဝေ သူက တအုပ်ချင်း မျှင်းပြီး ထုတ်နေမယ်၊ စာရေးသူနဲ့ မပြေလည်ချိန် ၃ အုပ်၊ ဒါမှမဟုတ် ၂ အုပ်လောက် ထုတ်ဖို့ ကျန်သေးတဲ့အချိန်မှာ ဆက်မထုတ်ဘဲ ထားလိုက်တယ်။

အဲဒီမှာ စာရေးဆရာ နီကိုရဲ အနေနဲ့ ဘယ်ထုတ်ဝေသူနဲ့မှ ဆက်ထုတ်လို့ မရတော့ပါဘူး၊ ဘယ်သူ့ကိုမှ လုံးချင်းရောင်းခွင့် မရှိတော့ပါဘူး၊ ဘယ်လို မဂ္ဂဇင်းဝတ္ထုရှည်မှလည်း ရေးခွင့်မရှိတော့ပါဘူး။ ကျမရှေ့တင် သူ့ကို ထုတ်ပေးချင်တဲ့ ထုတ်ဝေသူ တယောက် ရောက်လာပါတယ်။ ဒါပေမယ့် အဲဒီ ထုတ်ဝေသူလည်း ဘာမှ မတတ်နိုင်ပါဘူး။ စာပေစိစစ်ရေးမှာ စာချုပ်ပြပြီး “နီကိုရဲ” နာမည်နဲ့ လုံးချင်းထုတ်ခွင့် ပိတ်လိုက်ပြီ ကိုး။

သူ့အနေနဲ့လည်း နီကိုရဲ ဆိုတဲ့ နာမည်ကလွဲလို့ တခြားနာမည်နဲ့ ဝတ္ထုတွေကို ရောင်းစားဖို့ အစီအစဉ်လုံးဝ မရှိဘူးလို့ ဆိုပါတယ်။

ကျမအထင်မမှားဘူးဆိုရင်တော့ သူ ကွယ်လွန်ပြီးမှ သူ့ရဲ့ စာအုပ်တွေ ထပ် ထွက်လာလိမ့်ဦးမယ်။ သူ့ ထုတ်ဝေသူက လက်ကျန် စာအုပ်ကလေးတွေကို အပြီးအပြတ်ထုတ်ပြီး သူနဲ့ ချုပ်ထားတဲ့စာချုပ်ကို ပြီးပြတ်အောင် လုပ်လိုက်ရင်ပေါ့လေ။ အဲဒီတုန်းက သူက စာအုပ်တွေ ထုတ်ခွင့်မရပေမယ့် စာတွေကတော့ ရေးနေမှာပဲလို့ ပြောခဲ့ပါတယ်။

“နီကိုရဲ ဆိုတဲ့နာမည်ဖြစ်အောင် တည်ဆောက်ခဲ့ရတာ အကြာကြီး၊ အခုမှ နောက်ထပ် နာမည်တခု ထပ် တည်ဆောက်ဖို့ မဖြစ်နိုင် တော့ဘူးဗျ” လို့လည်း သူ ကြေကြေကွဲကွဲ ပြောခဲ့သေးတယ်။ သူ့လိုပဲ အဲဒီထုတ်ဝေသူရဲ့ စာချုပ်အမိခံနေရတဲ့ နောက်ထပ်စာရေးဆရာ တယောက်အကြောင်း၊ သူတို့ထက်လည်ပတ်လို့ အဲဒီထုတ်ဝေသူရဲ့ စာချုပ်ကို လွတ်အောင်ရှောင်နိုင်တဲ့ နာမည်ကြီး စာရေးဆရာ တယောက် အကြောင်းတွေကိုပါ သူ ကျမကို ပြောပြခဲ့ပါတယ်။

စာရေးဆရာနီကိုရဲဟာ မကြည်ပြာနဲ့ ချစ်ခြင်းရဲ့နဂ္ဂတစ်များ ဆိုတဲ့ လုံးချင်းဝတ္ထုနှစ်အုပ်တွဲနဲ့ အောင်မြင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ အဲဒီဝတ္ထုကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ကြည်ပြာရောင်နဂ္ဂတစ်များဆိုပြီး ရုပ်ရှင် ရိုက်ခဲ့ပါတယ်။ သိကြားနဲ့ အသူရာ ဝတ္ထုကိုလည်း “ယောက္ခမဆိုတာ တခါတုန်းက သားမက်ပါပဲ” ဆိုတဲ့ ရုပ်ရှင်ကားကြီးရိုက်ကူး အောင်မြင်ခဲ့တယ်။ စိတ်အိုင်ပက်သူ ကလည်း ရုပ်ရှင်ကားကြီးပါပဲ။

နောက်ထပ် သူရေးခဲ့တဲ့ စာအုပ်တွေကို လက်လှမ်းမီသလောက် ဖော်ပြရရင် အိုလေး၊ ရည်းစားစာ (၀တ္ထုတိုစု)၊ သံစုံကျူးတဲ့ည၊ ကျနော်နှင့် လက်တွဲဖော်များ၊ ဇွတ်၊ ကျနော်နှင့် ဈေးသည် အလွဲများ၊ လွယ်အိတ်ထဲက အလွဲများ၊ ပန်းပွင့်ကို ဖယ်ကြည့်မှ မြင်ရမယ့် လမင်း၊ နှလုံးသားထဲ ကြွက်ဝင်နေသည်၊ နတ်ဆိုးတကောင်နဲ့ ရင်လွဲသူ၊ လှည့်စား၊ အိတ်၊ ဇက်ပေါ်က ဇီးသီး၊ လူနှင့် သူတို့၏ ဟာသများ ပဲ ဖြစ်ပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) နဲ့ တွဲပြီး ရုပ်ရှင်ကားကြီးတွေ၊ ဗီဒီယိုကားတွေအဖြစ် ရိုက်ခဲ့တဲ့ သူ့ဝတ္ထုတွေ၊ သူ့ဇာတ်ညွှန်းတွေကို ပရိသတ်က အထူးအားပေးခဲ့ပါတယ်။ “လွဲတယ်” ဆိုတဲ့စကားက သူ့ရဲ့ မူပိုင်စကားလို ဖြစ်ခဲ့တာပါ။

အင်တာဗျူးစဉ်က ကျမသိချင်တဲ့ မေးခွန်းတခုကို မေးလိုက်မိတယ်။ နီကိုရဲ ရဲ့ ပရိသတ်တွေလည်း သိချင်မှာပဲ။ “ဆရာ့အနေနဲ့ စာချုပ်မှာ လက်မှတ်ထိုးတုန်းက သေချာမဖတ်ဘူးလား” ဆိုတဲ့ မေးခွန်းပါ။ သူ့ရဲ့အဖြေက ကြေကွဲဖို့ကောင်းပါတယ်။ ဟာသ ဝတ္ထုရေးဆရာတယောက်နဲ့ အင်တာဗျူးရတာ ဖြစ်ပေမယ့် အဲဒီအင်တာဗျူးမှာ ကျမ မပျော်ပါဘူး။

စာရေးဆရာ နီကိုရဲဟာ သိပ်ကိုရိုးသားပြီး သူတပါးကိုလည်း ခင်မင်လွယ်၊ ယုံလွယ်ပါတယ်၊ သူ့စာတွေမှာ သူ့ရဲ့ ရိုးသားမှုတွေ ထင်ဟပ် နေပါတယ်။ သူ့ရဲ့ ဇာတ်ကောင် ရဲဝင်းဟာ သူကိုယ်တိုင်ပါပဲ။ သူ့ရဲ့ ဝတ္ထုတွေထဲမှာ သူဟာ ရိုးသားစွာလွဲသလို အပြင်လောကမှာလဲ သူ လွဲပါတယ်။ အပြင်လောကက အလွဲကတော့ စာချုပ်မှာ လက်မှတ်ထိုးတဲ့အချိန် ခင်မင်မှုနဲ့ အဲဒီစာချုပ်ကို သေချာမဖတ်တဲ့ အလွဲပါ။
ထုတ်ဝေသူအပေါ် ယုံကြည်မှုနဲ့ “ငါ့ကိုတော့ ဆိုးဆိုးရွားရွား မလုပ်လောက်ပါဘူး” ဆိုတဲ့အတွေး (လက်မှတ်ထိုးတဲ့အချိန်မှာ အရက်မူး နေတာလည်း ပါတယ်လို့ဆိုပါတယ်) ကိုတွေးရင်း လက်မှတ် ထိုးပေးလိုက်တာပါ။

အဲဒီစာချုပ်မှာ ဘာတွေပါတယ်ဆိုတာ သူ့ကလောင် အပိတ်ခံရချိန်၊ စာချုပ်ချုပ်ပြီး နှစ်တော်တော်ကြာ သူ့လက်ထဲကို ထုတ်ဝေသူက စာချုပ်လာပြတော့မှ သိရတယ် ဆိုတော့ ကျမ တော်တော် အံ့သြမိပါတယ်။ လွဲလိုက်လေခြင်းဆိုတဲ့ ကရုဏာ ဒေါသလည်း ဖြစ်မိပါတယ်။ ဒါပေမယ့် ဘာမှ မတတ်နိုင်တော့ပါဘူး။ သူလေးစားတဲ့ “နားလည်မှု၊ ခင်မင်မှု၊ ယုံကြည်မှု” ဆိုတာတွေကို စာချုပ်ဆိုတဲ့ စာတရွက်က အနိုင်ယူ သွားပါပြီ။

ကျမရဲ့ အင်တာဗျူးလည်း စာမျက်နှာပေါ် တင်ခွင့်မရလိုက်ပါဘူး။ စာရေးဆရာ နီကိုရဲရဲ့ အသံတွေကတော့ ကျမ ချန်ထားခဲ့တဲ့ ဂျာနယ်တိုက်ရဲ့ ထောင့်တနေရာမှာ ရှိနေပါလိမ့်မယ်။

ခုတော့ သူလည်း နှလုံးရောဂါနဲ့ ကွယ်လွန်တယ်လို့ဆိုပါတယ်။ အသက် ၄၃ နှစ်ဆိုတဲ့နှစ်အပိုင်းအခြားကတော့ ငယ်လွန်းသေးတယ်လို့ ပြောလို့ရတယ်။ တကယ်ဆို ဒီအသက်အရွယ်က စာတွေ အင်နဲ့အားနဲ့ ရေးရမယ့် အရွယ်ပါ။

စာရေးဆရာတယောက်ရဲ့ ဘဝဟာ စာမှ မရေးရတော့ဘူးဆိုရင် ဘယ်လိုမှ အဓိပ္ပာယ် မရှိနိုင်တော့ပါဘူး။ စာတွေ ရေးနေပေမယ့် သူရေးတဲ့စာတွေကို ပရိသတ်ကို ချပြခွင့် မရဘူး ဆိုရင်လည်း စိတ်ချမ်းသာ ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းနေမှာပဲလို့ ကျမ တွေးမိတယ်။

ရေနံချေးဝနေတဲ့ သစ်သားအိမ်နံရံမှာ အစီအရီကပ်ထားတဲ့ သူ့စာအုပ် မျက်နှာဖုံးပုံ အဟောင်းလေးတွေကို ကျမ ခုထိ မြင်ယောင်နေဆဲပဲ။ ။

ဧရာဝတီမှ ကူးယူဖော်ပြသည်။

ရန်ကုန်တွင် ဗုံးငါးလုံး ဆက်တိုက်ကွဲ Thursday, 17 September 2009 12:43 အောင်သက်ဝိုင်း E-mail Print

Filed under Uncategorized by thureinhlaing on 17-09-2009

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အတွင်းရှိ စက်ရုံများနှင့် ရဲကင်းများအနီးတွင် ယမန်နေ့ညက ဗုံးငါးလုံး ဆက်တိုက် ပေါက်ကွဲခဲ့ပြီး လူအသေ အပျောက်နှင့် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိ ဟု သတင်းရရှိသည်။
ည ၉ နာရီ ခန့်မှစတင်ပြီး လှိုင်သာယာမြို့နယ်အတွင်းရှိ စီးကရက်စက်ရုံ၊ အချိုရည်စက်ရုံ၊အကြီးစား စက် ယန္တရားများ တင်သွင်းဖြန့်ဖြူးပြုပြင်သည့် စက်ရုံ၊ ရဲကင်းများအနီးတွင် ဗုံးများပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ပထမ ပေါက်ကွဲသည့်ဗုံးမှာ လှိုင်သာယာ ၅ ရပ်ကွက်၊ ဗိုလ်ချုပ်ကားမှတ်တိုင်အနီးရှိ KOMAT’SU BOMAG ကုမ္ပဏီ အကြီးစားဝန်ချီစက်များ အပါအ၀င် စက်ယန္တရားကြီးများတင်သွင်းပြုပြင်သည့် UMW စက်ရုံဝင်း အတွင်းတွင် စတင်ပေါက်ကွဲခြင်းဖြစ်သည်ဟု ဗုံးပေါက်ကွဲမှုကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသော ဒေသခံများက ပြောသည်။

“ည ၉ နာရီလောက်မှာ “၀ုန်း”ဆိုတဲ့အသံနဲ့ မြေကြီးတွေတုန်သွားတယ်။ ပထမတော့ ထင်တာက ယန္တရား ၀င်းထဲက ဂတ်စ်အိုးပေါက်တာလို့ထင်တာ။ နောက်တော့ ရဲတွေ ရောက်လာပြီး ကားလမ်းတွေပိတ်လိုက် တယ်။ စက်ယန္တရားဝင်းအနားကိုလည်း ဘယ်သူ့ကိုမှ အကပ်မခံဘူး”ဟု လှိုင်သာယာ ၅ ရပ်ကွက်အတွင်းနေ ထိုင်သူ အိမ်ရှင်မတဦးက ရှင်းပြသည်။

UMW စက်ရုံအတွင်း ဗုံးပေါက်ကွဲမှုကို ရဲများက ရှာဖွေမှုများ ပြုလုပ်နေစဉ် ည ၁၁ နာရီခန့်တွင် အဆိုပါစက်ရုံ နှင့် မလှမ်းမကမ်းအနီးရှိ VALIANT ( V) စီးကရက်စက်ရုံအနီးတွင် ဗုံးနှစ်လုံးထပ်မံပေါက်ကွဲခဲ့သည်ဟု သိရှိရ သည်။

“ရဲတွေက လမ်းတွေပိတ်ပြီး ပထမဗုံးပေါက်တဲ့နေရာကို ရှာနေတုန်း V စီးကရက် စက်ရုံနားက နေဗုံးနှစ်လုံး ထပ်ပေါက်တယ်”ဟု ဗိုလ်ချုပ်မှတ်တိုင်အနီးမှ ဆိုက်ကားမောင်းသမားတဦးကဆိုသည်။

ယင်းနောက် ည ၁၂ နာရီကျော်ခန့်တွင် မက်စ် အချိုရည်စက်ရုံနှင့် ထိုစက်ရုံအနီးတွင် ဗုံးနှစ်လုံး ထပ်မံပေါက် ကွဲခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှတာဝန်ကျရဲအရာရှိတဦးက လှိုင်သာယာတွင် ဗုံးများဆက်တိုက်ပေါက်ကွဲခဲ့သည်ကို အတည်ပြုသော်လည်း အသေးစိတ်အချက်အလက်များ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်ဟု ပြောသည်။

ထိုဗုံးပေါက်ကွဲမှုများကြောင့် လှိုင်သာယာမြို့နယ်အတွင်းနေထိုင်သူများ အထိတ်တလန့်ဖြစ်သွားကြကြောင်း၊ ယနေ့ည လုံခြုံရေးတင်းကျပ်မှုများပြုလုပ်ရန်ရှိသောကြောင့် ရပ်ကွက်များတွင် ဧည့်သည် လက်မခံရန်နှင့် လက်ခံမည်ဆိုပါက ဧည့်စာရင်းမပျက်မကွက်တိုင်ကြားကြရန် သက်ဆိုင်ရာ ရပ်ကွက် အာဏာပိုင်များက နှိုးဆော်နေကြောင်း ဒေသခံများက ပြောဆိုသည်။
copy from irrawaddy media

ရက်စက်မှုနဲ့ အကြင်နာ ကင်းမဲ့မှု

Filed under အထူး by thureinhlaing on 09-09-2009

(27th Aug 2009 နေ့ထုတ် Bangkok Post သတင်းစာမှ လက်ထောက်အယ်ဒီတာ (Outlook) Sanitsuda Ekachi ရဲ့ Commentary “Cruelty and heartlessness” ကို ဘာသာပြန်ဆိုပါတယ်။)

ယဉ်ကျေးဖွယ်ရာရှိမှုကိုသာ ကျမတို့က ကျမတို့လောက်ကောင်းမွန်တဲ့ အခြေအနေမှာ မရှိကြတဲ့သူတွေကို ပြုမူဆက်ဆံမှုနဲ့ တိုင်းတာမယ်ဆိုရင် ကျမတို့ဟာ ရွှေ့ပြောင်းအလုပ်သမားတွေကို အကြင်နာကင်းမဲ့ခဲ့တဲ့အတွက် ကျမတို့ကိုယ်ကျမတို့ ယဉ်ကျေးဖွယ်ရာရှိတယ်လို့ ပြောလို့မရပါဘူး။

လွန်ခဲ့တဲ့သတင်းပတ်က ရနောင်း ထိန်းသိမ်းရေးစခန်းထဲမှာ ရိုဟင်ဂျာ ဆယ်ကျော်သက် ကလေးငယ်နှစ်ယောက်ဟာ တပိန်ပိန်တလိန်လိန်နဲ့ လုံးပါးပါးပြီး သေဆုံးခဲ့ရပါတယ်။ ငရဲခန်းသံတိုင်တွေနောက်မှာ အသက်ဆုံးရှုံးရအောင် ပြစ်ဒဏ်သင့်ခဲ့ရပါတယ်။ တကယ်တော့ သူတို့လေးတွေဟာ အစားလည်း စားချင်စိတ်၊ လုပ်ရှင်ကိုင်ချင်စိတ်၊ အသက်ရှင်လိုသေးစိတ်တွေ ပျောက်ဆုံးသွားပါတော့တယ်။

သီးမခံနိုင်လောက်အောင် စိတ်ပျက်လက်ပျက်ဖြစ်ပြီး ညှိုးချုံးသေဆုံးသွားခဲ့ကြတာ ဖြစ်ပါတယ်။

တယောက်က အသက် ၁၈ နှစ်ဖြစ်ပြီး နောက်တယောက်ကတော့ ၁၅ နှစ်ပဲ ရှိပါသေးတယ်။ သူတို့လေးတွေရဲ့ မိခင်တွေခံစားရမယ့် ဝမ်းနည်းကြေကွဲမှုကို စဉ်းစားကြည့်ကြစေချင်ပါတယ်။

အဲဒီမတိုင်ခင်သတင်းပတ်က စမွတ်ပရခန် (Samut Prakan) ခရိုင်ရဲတွေက ကရင်တိုင်းရင်းသား လူနည်းစုတွေရဲ့ ယဉ်ကျေးမှုပွဲတော်တခုကို ဘာသာရေးဆိုင်ရာ အခမ်းအနား ကျင်းပနေစဉ်မှာပဲ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပါတယ်။ အဲဒီနေ့ဟာ ကျမတို့ မိဘုရားကြီးရဲ့မွေးနေ့ မိခင်နေ့ဖြစ်ပါတယ်။ ဒါကြောင့် ဒီအခမ်းအနားဟာ မိဘုရားကြီးကို သားသမီးတွေက ကျေးဇူးတင်ကြောင်းပြသ၊ အရိုအသေပေးမှုလည်း တစိတ်တပိုင်း ပါဝင်ပါတယ်။ ဒါပေမဲ့ ရဲတွေကတော့ လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်လာနေတဲ့ ဖော်ဆောင်ပြသမှုတခု ဖြစ်တယ်လို့ တွေးတောစဉ်းစားခဲ့ပါတယ်။ အလုပ်သမားပေါင်း ၁၅ဝ ကျော် ဖမ်းဆီးခံရပြီး သူတို့ကို တိုင်းပြည်ပြန်ပို့ဖို့ ထိန်းသိမ်းရေးစခန်းကို ချက်ချင်းပဲ ပို့ပစ်လိုက်ပါတယ်။

အဲဒီဖမ်းဆီးခံရသူတွေထဲက အတော်များများဟာ တရားဝင် အလုပ်သမားမှတ်ပုံတင်ထားခဲ့ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေပါ။ အတော်များများက ဒီနိုင်ငံမှာပဲ ဇနီးမယားနဲ့ သားသမီးတွေ ရှိခဲ့ကြပါတယ်။ သူတို့တွေရဲ့ မိသားစုတွေ ခံစားရမယ့် ထိတ်လန့်တုန်လှုပ်မှုနဲ့ သောကပရိဒေဝကို စဉ်းစားကြည့်ကြပါ။

ဒါဟာ ကျမတို့တိုင်းပြည်ကို ဗုဒ္ဒဘာသာ တိုင်းပြည်လို့ခေါ်ပြီး ဂုဏ်ယူနေကြပေမယ့် ကျမတို့ရဲ့ စိတ်ဓာတ်တွေကို ကျဉ်းမြောင်းစေပြီး နှလုံးသားတံခါးတွေကို ပိတ်ထားစေတဲ့၊ ဖိနှိပ်ခံရသူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို စဉ်းစားမပေးနိုင်လောက်အောင် ဖြစ်နေတဲ့ ကျမတို့ပြဿနာရဲ့ အခက်ခဲဆုံးအပိုင်း ဖြစ်နိုင်ပါတယ်။

တကယ်တမ်းမှာ ကျမတို့ဟာ ကျမတို့ဆီကို စစ်ပွဲကြောင့် အသက်မွေးမှုကြောင့် အလုံးအရင်းနဲ့ ဝင်ရောက်လာနေတဲ့ ဒုက္ခသည်တွေထဲမှာ နစ်မွန်းနေအောင်လုပ်နေတဲ့ ရက်စက်ကြမ်းတမ်းတဲ့ မြန်မာစစ်အာဏာရှင်တွေကို ဆက်ပြီးလက်ညှိုးထိုး အပြစ်ဖို့နေလို့လည်း ရပါတယ်။ အဲဒါဟာ မတော်မတရားမှုတခုကို ကျမတို့ ကြားရတဲ့အခါတိုင်း အခက်ကြုံနေရတဲ့ ကျမတို့ရဲ့ ကိုယ်ကျင့်တရားကို အပြစ်ရှိသလိုခံစားရမယ့် အခြေအနေကလွတ်အောင် လုပ်နေကျအလုပ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တယောက်ယောက်ကို အပြစ်တင်နေတာဟာ ဖိနှိပ်မှု ပြဿနာရဲ့ နောက်ထပ်အရေးကြီးတဲ့ အပိုင်းဖြစ်တဲ့ ကျမတို့ရဲ့ အကြင်နာကင်းမဲ့မှုကို ကိုင်တွယ်ဖြေရှင်းရာ မကျခဲ့ပါဘူး။

ခန့်မှန်းခြေအရ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းကျော် ရှိနေပါတယ်။ အများစုဟာ တရားဥပဒေ ကင်းမဲ့နေတဲ့ မြန်မာနိုင်ငံက ခြိမ်းခြောက်ငွေညှစ်မှု ရက်ရက်စက်စက် မတရားလုပ်မှုနဲ့ ပြင်းထန်ကြမ်းတမ်းတဲ့ ဆင်းရဲမှုဒဏ်ကနေ ထွက်ပြေးလာခဲ့ကြတဲ့ လူနည်းစု တိုင်းရင်းသားလူမျိုးတွေ ဖြစ်ကြပါတယ်။ ဥပမာ လူနည်းစု မူဆလင်ရိုဟင်ဂျာတွေဆိုရင် မြန်မာစစ်အစိုးရရဲ့ အပြောအရ မြန်မာနိုင်ငံသားအဖြစ်တောင် အသိအမှတ်ပြု မခံခဲ့ကြရပါဘူး။ နှင်ထုတ်ခံကြရမှာပါ။ ကရင်လူမျိုးတွေ ကျပြန်တော့လည်း ဖိနှိပ်ပစ်ရမယ့် အန္တရာယ်ကြီးတဲ့ ပြိုင်ဘက်ရန်သူတွေအဖြစ် သဘောထားခံကြရပါတယ်။

ထိုင်းနိုင်ငံမှာတော့ အဲဒီလူတွေဟာ ကျွန်ခံနေရသလို လုပ်နေကြရတာပါ။ တကယ်လို့များ ထိုင်းအလုပ်သမားတွေဟာ နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ ဒီလိုမျိုးဆိုးဝါးတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ကျမတို့တွေက အဲဒီလိုလူမဆန်မှုမျိုးကို ဒေါသပေါက်ကွဲကြမှာပါပဲ။

ထိုင်းနိုင်ငံထဲမှာ ကြေကွဲစရာ အခွင့်အရေးချိုးဖောက်မှုမျိုး ပေါ်ပေါက်လာတဲ့အခါတိုင်း လူ့အခွင့်အရေးလှုပ်ရှားသူတွေက အာဏာပိုင်တွေကို အမျိုးမျိုးသော အပြည်ပြည်ဆိုင်ရာ ကြေညာချက်တွေနဲ့ လူ့အခွင့်အရေးညီလာခံတွေရဲ့ ဆုံးဖြတ်ချက်တွေနဲ့အညီ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေခံ အခွင့်အရေးတွေနဲ့ လွတ်လပ်မှုတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ တာဝန်ရှိတဲ့အကြောင်း သင်ကြားပို့ချတာတွေ ကြားရပါလိမ့်မယ်။

အများအားဖြင့်တော့ အဲဒီလိုလုပ်တာဟာ အလကားပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအခွင့်အရေးတွေဟာ ကိုယ့်တိုင်းပြည်ထဲမှာ အသုံးပြုလို့မရသလို အကောင်အထည်ဖော်လို့လည်း မရလို့ပါပဲ။ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ “ကိုယ်က တခြားသူတွေကို ဆက်ဆံသလိုပဲ တခြားသူတွေကလည်း ကိုယ့်ကို ဆက်ဆံကြပါလိမ့်မယ်” ဆိုတဲ့ အခြေခံကိုယ်ကျင့်တရားကို လက်ခံကျင့်သုံးကြရပါလိမ့်မယ်။

ဒီနေရာမှာတော့ ဒီပြဿနာမဟုတ်ပါဘူး။ ဒါဆိုရင် ဘာဖြစ်လို့ပါလဲ။ အာဏာပိုင်တွေကို မေးမယ်ဆိုရင် သူတို့က “ကျနော်တို့ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့ လိုအပ်ပါတယ်” လို့ မလွှဲမရှောင်သာ လုပ်ရသလို ပြောပါလိမ့်မယ်။ သူတို့က တရားမဝင် အလုံးအရင်း ဝင်ရောက်လာတဲ့ အလုပ်သမားတွေဟာ တရားဥပဒေနဲ့အညီ နေထိုင်ကြတဲ့ ထိုင်းနိုင်ငံသားတွေဆီက ရှားပါးတဲ့ ရင်းမြစ်ပစ္စည်းတွေကို ခိုးယူကြတယ်လို့ စွပ်စွဲတတ်ကြပါတယ်။ ဒီ့အပြင် အဲဒီလူတွေက ရောဂါဘယတွေကိုလည်း သယ်ယူလာကြတယ်။ သူတို့တွေရဲ့ ထူးဆန်းတဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုအရ သူတို့တွေရဲ့ ရာဇဝတ်မှုကျူးလွန်တဲ့ လုပ်ရပ်တွေကို စောင့်ကြည့်ကြပ်မတ်ဖို့ အခက်အခဲရှိနေတာကြောင့် လူ့အဖွဲ့အစည်းအတွက် ခြိမ်းခြောက်မှုတခု ဖြစ်လာတယ်လို့ ဆိုကြပါတယ်။

ယဉ်ကျေးသိမ်မွေ့မှုက အဲဒီ ရွှေ့ပြောင်းအလုပ်သမားတွေကို ပိုပြီးဝင်ရောက်လာကြဖို့ ဆွဲဆောင်လိုက်သလို ဖြစ်သွားမှာပါပဲ။ သူတို့က အဲဒီလို အခိုင်အမာပြောကြမှာပါ။

ဝမ်းနည်းစရာကောင်းတာက ဒီအကြင်နာတရား ကင်းမဲ့မှုဟာ လူ့အဖွဲ့အစည်းမှာ လူအများစု လက်ခံထားရှိမှုရဲ့ ဆိတ်ဆိတ်နေမှုကြောင့် နေရာတကာမှာ ဖြစ်ပေါ်တွေ့မြင်နေရတာပဲ ဖြစ်ပါတယ်။

တကယ်တော့ ကျမတို့တွေဟာ မူလအခြေခံအားဖြင့် ရက်စက်ကြမ်းကြုတ်ကြတာတော့ မဟုတ်ပါဘူး။ ဒါဟာ ကျမတို့ လူ့အဖွဲ့အစည်းရဲ့ လူမှုအဆောက်အအုံတိုင်းမှာ စိမ့်ဝင်ပြန့်နှံ့နေတဲ့ လူမျိုးခွဲခြားရေး အမျိုးသားရေးဝါဒက ထုတ်လုပ်လိုက်တာသာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်၊ အာဃာတတရားကတော့ သဘာဝသိစိတ်အရ အုပ်စုထိန်းသိမ်းစောင့်ရှောက်ရေးက မောင်းနှင်တွန်းအားပေးလိုက်တဲ့ “ကျုပ်တို့/သူတို့” ဆန့်ကျင်ကွဲပြားမှုထဲမှာ ကျမတို့ ပိတ်မိနေသေးချိန်မှာ ရှိနေတဲ့ လူသားပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ခံနိုင်စရာမရှိတဲ့ ရက်စက်ကြမ်းကြုတ်မှုကို တရားဝင်ဖြစ်အောင်လုပ်ဖို့ အဲဒီ အာဃာတကို လူမဆန်မှုအဖြစ် ကြီးထွားလာအောင် ကျမတို့က ခွင့်ပြုလိုက်တဲ့အချိန်မှာတော့ ဒါဟာ တခြားကိစ္စ ဖြစ်ပါတယ်။

ကျမတို့ဟာ ကျမတို့ရဲ့ လူမျိုးခွဲခြားရေး အမျိုးသားဝါဒကို ပြန်ပြီးစဉ်းစားကြရပါမယ်။ ကျမတို့ရဲ့ လိပ်ပြာလုံဖို့သာ မဟုတ်ပါဘူး။ ဖိနှိပ်ခံရသူတွေရဲ့ ကိုယ်ရေးဖော်ဆောင်မှု ချိုးနှိမ်ခံစိတ်ဟာ အလွယ်တကူ ရုပ်ဆိုးတဲ့အဖြစ်မျိုးကို ပြောင်းလဲသွားနိုင်ပါတယ်။ ကျမတို့ရဲ့ သားသမီးတွေကို ကယ်တင်ဖို့နဲ့ ကျမတို့တိုင်းပြည်ကို တိုင်းရင်းသားလူမျိုးစု အကြမ်းဖက်မှုတွေက ကယ်တင်ဖို့ လူမျိုးခွဲခြားမှုကို ပယ်ဖျောက်ပစ်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ။
ဆောင်းပါး
စိုးနေလင်း
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 09 ရက် 2009 ခုနှစ် 12 နာရီ 25 မိနစ်

ငါဟာအများအမြင်မှာ တစ်ရာသီလုံးစိမ်းလန်းတယ်

Filed under Uncategorized by thureinhlaing on 02-09-2009

မနက်ဆို မရေရာမှုနဲ့ မျက်နှာသစ်တယ်
ဝေးနေတဲ့အချစ်နဲ့ ဆွေးနေတဲ့မြစ်တစ်စင်းရဲ့ ဂီတ
လမ်းများတဲ့ဘ၀ လမ်းမှားတဲ့ညတွေထဲ
အချစ်အကြောင်းမပြောဖြစ်တာလည်း ကြာလှပေါ့
ရင်ခုန်သံတွေနုစဉ်က ဘ၀တွေ
ဟိုး……အဝေးမှာမှိန်ဖျော့လို့
ငါကလည်း သိမ်သိမ်မွေ့မွေ့နဲ့ သွေးအေးနေသူလေ
နွေကိုကျောခိုင်းယုံနဲ့ ဘ၀တွေအေးသွားရင်
ဘယ်လောက်ကောင်းလိမ့်မလဲ
တကယ်တော့……
အိပ်မက်တွေကပဲ လှတာပါ
ငါဟာအများအမြင်မှာ တစ်ရာသီလုံးစိမ်းလန်းတယ်။

သားကြီး

ဖူးခက် ပင်လယ်ကမ်းခြေ မြေ ရဲ့ ၉၀% နိုင်ငံခြားသားတွေ ပိုင်ဆိုင်

Filed under သတင်း by thureinhlaing on 26-08-2009

သဂုတ် ၂၄၊ ၂၀၀၉ (ဘန်ကောက်ပို့စ်)

ဖူးခက်မှာရှိတဲ့ ပင်လယ်ကမ်းခြေက မြေ ၉၀% လောက်ကို ထိုင်းနိုင်ငံသားတွေက နာမည်ခံပေးပြီး နိုင်ငံခြားသားတွေက ထိန်းချုပ်ထား တယ်ဆိုတာကို သုတေသနအဖွဲ့အစည်းတခုက တွေ့ရှိပါတယ်။ ချင်းမိုင်နဲ့ရနောင်းလို ပြည်နယ်တွေက တခြားကမ္ဘာလှည့်ခရီးသွားလုပ် ငန်းတွေ သွားတဲ့နေရာတွေမှာလည်း အလားတူအခြေအနေမျိုးတွေ ရှိပါတယ်။
အပန်းဖြေနေရာတွေရှိတဲ့ ပြည်နယ်တွေက တိုင်းပြည်ရဲ့ဆန်စပါး စိုက်တဲ့ မြေတွေနဲ့ ပစ္စည်းဥစ္စာတွေ ထိန်းချုပ်ရာမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေကို ဒေသခံအရာရှိတွေနဲ့ ဥပဒေကျွမ်းကျင်သူ တွေက လမ်းကြောင်းရှင်းအောင် အကူအညီပေးနေတာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံသုတေသန ရန်ပုံငွေအဖွဲ့က ပြုလုပ်တဲ့ နိုင်ငံခြားသား မြေယာပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ သုတေသနစာတမ်းအရ သိရှိရပါ တယ်။

တမြန်နေ့က ထိုင်းနိုင်ငံသုတေသန ရန်ပုံငွေအဖွဲ့က စီးပွားရေးနဲ့ ဥပဒေပညာရှင်တွေ တက်ရောက်တဲ့ သုတေသန တွေ့ရှိချက်တွေနဲ့ ပတ်သက်တဲ့ စာတမ်းဖတ်ပွဲတခုကို ခေါ်ဆိုခဲ့ပါတယ်။ နိုင်ငံခြားသား လုပ်ငန်းရှင်တွေ၊ အထူးသဖြင့် အရှေ့အလယ်ပိုင်းကလုပ်ငန်းရှင်တွေဟာ ထိုင်းနိုင်ငံအလယ်ပိုင်း မြေပြန့်လွင်ပြင်တွေမှာရှိတဲ့ လယ် ကွင်းတွေကို သိမ်းကြုံးဝယ်နေပါတယ်။ တခြားနေရာတွေမှာလည်း ကြားခံဒေသခံကုမ္ပဏီတွေကတဆင့် ၀ယ်ယူနေပါတယ်ဆိုတာကို မကြာသေးခင်က ထင်မြင်ချက်တွေ ရှိခဲ့ပါတယ်။

ဥပဒေနဲ့ဆန့်ကျင်ပြီး ထိုင်းနိုင်ငံသားတွေအမည်ခံခိုင်းပြီး မြေယာတွေကို ဦးပိုင်လုပ်နေပါတယ်လို့ နိုင်ငံလွန် လုပ်ငန်းကုမ္ပဏီကြီးတွေကို ပြောကြပါတယ်။ တချို့လယ်သမားတွေဟာ အရင်ကသူတို့ပိုင်တဲ့မြေတွေကို စာချုပ်ချုပ်ပြီး ရောင်းနေကြပါတယ်။ ဒါပေမဲ့ အဲဒီ ကတည်းက နိုင်ငံခြားသားတွေရဲ့ ကြားခံလုပ်ငန်းကုမ္ပဏီတွေကို ရောင်းလိုက်တာပဲ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောဆိုကြပါ တယ်။ ဒီလေ့လာမှုကနေ ပြနေတာကတော့ ပစ္စည်းဥစ္စာ အမယ်အမျိုးမျိုးကို ထိုင်းနိုင်ငံသားတွေကတဆင့် နာမည်ခံပြီး နိုင်ငံခြားသား တွေက ၀ယ်ယူတာ ဖြစ်တယ်လို့ Shkhothai Thammathirat Open University ၊ စီးပွားရေးဌာနနဲ့ သုတေသနသင်းရဲ့အဖွဲ့ဝင်တဦး ဖြစ်တဲ့ Siriporn Sajjanont က ပြောပါတယ်။

“ဖူးခက်ကမ်းခြေတလျှောက်က မြေ ၉၀% လောက်ကို ထိုင်းနိုင်ငံသားတွေကတဆင့် အမည်ခံပြီး နိုင်ငံခြားသားတွေက ထိန်းချုပ်ထား တာပါ” လို့ သူမက ပြောပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အရင်းဟာ ဖူးခက်နဲ့ဆမွေဒေသဖွံ့ဖြိုးရေးအတွက် အဓိက ဖြစ်တယ်။ ဒါတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ထိုင်းတွေမှာ ငွေလုံလုံလောက်လောက် မရှိဘူးလို့ Ms Siriporn က ပြောပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ အများဆုံးလိုချင်တဲ့ ပင်လယ်ကမ်းခြေဒေသတွေကတော့ ချုံဘူရီဒေသက ပတ္တရားကမ်းခြေ။ ဆူရတ်ထနီဒေသက ခိုဖန်ငန်နဲ့ ခိုဆမွေ ကမ်းခြေ။ ဖရာချွပ်ခီရီခန်ဒေသက ဖူးခက်နဲ့ဟွာဟင်ကမ်းခြေတွေပဲ ဖြစ်ပါတယ်။ ချင်းမိုင်မှာဆို လူနေတိုက်ခန်းတွဲရောင်းချတဲ့အခါမှာ ကန့်သတ်ချက်တွေထက် ကျော်ပြီး ရောင်းဖို့ နိုင်ငံခြားသားတွေက ဥပဒေဟာကွက်တွေကို အသုံးချနေတယ်လို့ Ms Siriporn က ပြော ပါတယ်။ ထိုင်းနိုင်ငံသားတွေကို လက်ထပ်ပြီး ထိုင်းနာမည်တွေနဲ့ ပစ္စည်းဥစ္စာတွေကို ပိုင်ဆိုင်မှုလုပ်ကြတယ်ဆိုတာ သက်သေ အထောက်အထားတွေ ရှိပါတယ်။

တချို့အမှုကိစ္စတွေမှာ နိုင်ငံခြားသားပိုင် ပစ္စည်းဥစ္စာတွေကို မှတ်ပုံတင်ရာမှာ ထိုင်းအမျိုးသမီးတွေကို သူတို့နာမည်နဲ့ မှတ်ပုံတင်ဖို့ တောင်းဆိုပါတယ်။ ဒီလေ့လာမှုမှာ ထိုင်းတွေကို လက်ထပ်ထားတဲ့ နိုင်ငံခြားသားတွေနဲ့အတူ ထိုင်းအမည်ခံပြီး ၀ယ်ထားတဲ့ နိုင်ငံခြား သား မြေယာပိုင်ဆိုင်မှုတွေ အပါအ၀င် အလားတူပြဿနာတွေကို ရနောင်းမှာ တွေ့ရပါတယ်။ တချို့စာချုပ်နဲ့ရောင်းထားတဲ့ ကိစ္စတွေမှာ မြေအသုံးချခွင့် အချိန်ကာလက သက်တမ်းရှည်လေ့ရှိပါတယ်လို့ Ms Siriporn က ပြောပါတယ်။ တချို့ ကန်ထရိုက်စာချုပ်တွေမှာ ဖော်ပြထားတာက မြေအသုံးချခွင့်သက်တမ်းက ရာသက်ပန် ဖြစ်တယ်လို့ လေ့လာမှုအရ တွေ့ရှိရပါတယ်။

နိုင်ငံခြားသားမြေယာပိုင်ဆိုင်မှုကို ဒီမြေတွေပိုင်ဆိုင်ရေး လမ်းကြောင်း ရှင်းဖို့ ဥပဒေဟာကွက်ကို သိတဲ့ သူတို့ရဲ့ ထိုင်းရှေ့နေတွေက နိုင်ငံခြားသားတွေအတွက် လုပ်ပေးတယ်ဆိုတာကို သုတေသနလုပ်တော့ တွေ့ရှိရပါတယ်။ သူတို့စားဝတ်နေရေးအဆင်ပြေစေဖို့ အတွက် နိုင်ငံတော်က ရွာသားတွေကိုပေးထားတဲ့ မြေတွေ ရောင်းချတာမှာ ကျေးရွာသူကြီးတွေက မြေပွဲစားတွေအနေနဲ့လည်း လုပ် ကိုင်ပါတယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။ ကျေးရွာသူကြီးတွေက ဒေသခံရွာသားတွေနဲ့ရင်းနှီးတော့ ဘယ်မြေက ရောင်းလို့ ၀ယ်လို့ရတယ်ဆိုတာကို သူတို့က ကောင်းကောင်း သိကြပါတယ်။

အဲဒီထိုင်းတွေက နိုင်ငံခြားသားတွေအတွက် ဥပဒေအကြံပေးသက်သက်ဖြစ်ပေမဲ့လည်း တချို့ဥပဒေအဆောက်အအုံကို ထိုင်းတွေက ရှယ်ရာ ၅၁% ပိုင်ဆိုင်မှုနဲ့ဖွဲ့စည်းထားတယ်။ ဥပဒေအဆောက်အအုံလည်ပတ်ဖို့တော့ အခွင့်အာဏာမရှိဘူးလို့ Ms Siriporn က ပြောပါတယ်။ “ဒီလူတွေနဲ့ပဲ ဥပဒေအဆောက်အအုံ အတော်များများမှာ ထည့်သွင်းဖွဲ့စည်းထားတာကို ကျမတို့ တွေ့ရပါတယ်” လို့ သူမက ပြောပါတယ်။ ပိုင်ဆိုင်တဲ့ အစုရှယ်ရာ ပမာဏ ဖွဲ့စည်းမှုနဲ့ပတ်သက်တဲ့ တချို့ဥပဒေအဆောက်အအုံစည်းမျဉ်းတွေက နိုင်ငံခြား သားအစုရှင်တွေကို ဒီမှာ ပါဝင်လုပ်ကိုင်နေတဲ့ ထိုင်းတွေထက် လုပ်ပိုင်ခွင့်ပိုပေးထားတယ်။

အမေရိကန်ရောက် မှုန် လူထုက မြေ၀ယ်ပြီး စပါးစိုက်၊ နောက်ပြီး အမေရိကန်တင်ပို့ဖို့အတွက် နန်ပြည်နယ်က မှုန် တွေကို ဘဏ္ဍာ ရေးအထောက်အပံ့ပေးတယ် ဆိုတဲ့ သတင်းတွေ ကျနော် ရပါတယ်လို့ လူမှုအသင်းအဖွဲ့များ ဖွံ့ဖြိုးရေး တက္ကသိုလ် ဥက္ကဋ္ဌ၊ ဗိုလ်မှူးကြီး Surin Pikulthong က ပြောပါတယ်။ ထိုင်ဝမ်က ရင်းနှီးမြှုပ်နှံသူတွေက ထိုင်ဝမ်ကိုပြန်ရောင်းဖို့ လိမ္မော်သီးစိုက်ဖို့အတွက် ဒီမှာ မြေတွေ ၀ယ်ထားတယ်ဆိုတာ ကျမ ကြားပါတယ်လို့ ဒီ တက္ကသိုလ်က ဒု-ဥက္ကဋ္ဌ Silaporn Buasai က ပြောပါတယ်။ စပါးစိုက်လယ်သမား တွေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက မြေတွေလုယက်ယူမှုတွေ ခံနေရတယ် ဆိုတဲ့ နောက်ထပ်သတင်းအချက်အလက်တွေလည်း ကြားနေရတယ်လို့ ထိုင်းဆန်စပါး စိုက်ပျိုးသူများအသင်း ဒု-ဥက္ကဋ္ဌ Wichian Phuanglamjiak က ပြောပါတယ်။

ပြဿနာတွေ မဖြေရှင်းဘဲထားတာ ကြာလှပြီ။ ဘယ်နိုင်ငံတော်အေဂျင်စီကမှ ဒီကိစ္စကို လေးလေးနက်နက် မလုပ်ဘူးလို့ သူက ပြော ပါတယ်။ လယ်သမားတွေအနေနဲ့ ဒီကိစ္စတွေကို ကိုင်တွယ်ဖို့ အထူးစုံစမ်းစစ်ဆေးရေးဌာနကို မျှော်လင့်ထားတာလို့ Wichian က ပြောပါတယ်။ အေဂျင်စီက အယုဒ္ဓယမှာရှိတဲ့ ထိုင်းကုမ္ပဏီ ၄ ခုကို စုံစမ်းစစ် ဆေးနေပါတယ်။ ဒီကုမ္ပဏီတွေက လယ်မြေ ၁၀,၀၀၀ရိုင် နီးပါး ပိုင်ဆိုင်ပါတယ်လို့ စနေနေ့က အထူးစုံစမ်းစစ်ဆေးရေးဌာနက စုံစမ်းရေးမှူး Pakorn Sucheevakul က ပြောပါတယ်။

လုပ်ငန်းရှင်တွေက ၁၉၉၅ ခုနှစ် က တည်းက သူတို့ရွာက မြေကွက်တွေကို ၀ယ်ပြီးသွားပြီလို့ အယုဒ္ဓယ၊ ဘန်းဘန်ခရိုင်က အသက် ၅၉ နှစ်ရွယ် လယ်သူမကြီး Malee Antasin က ပြောပါတယ်။ သူပိုင်တဲ့လယ်ကွက်ကို အဲဒီ ရင်းနှီးမြှုပ်နှံသူတွေ ပိုင်တဲ့ တခြားလယ်တွေက ပတ်လည်ဝိုင်းထားတော့ သူ့လယ်ကွက်တွေရောင်းဖို့ ၀ိုင်းပြီး ဖိအားပေးခံရတယ်လို့ ခံစားရပါတယ်။ အခု ဒီကိစ္စကို တရားရုံး တိုင်ထား ပါတယ်လို့ သူမက ပြောပါတယ်။

ယာယီမြန်မာနိုင်ငံကူးလက်မှတ်လုပ်သူ နည်းပါး

Filed under သတင်း by thureinhlaing on 26-08-2009

ထိုင်းနိုင်ငံနှင့်နီးစပ်သည့် မြန်မာနယ်စပ်မြို့များတွင် ထုတ်ပေးနေသည့် ယာယီမြန်မာနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် ကုန်ကျစရိတ် များပြားသောကြောင့် သွားရောက်သူ နည်းပါးကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။

မြ၀တီတွင် ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်သူ မြန်မာရွှေ့ပြောင်း အလုပ်သမတဦးက “ကျမတို့ထိုင်းမှာ အလုပ်သမား လက်မှတ်လုပ်တာက ဘတ် (၃,၈၀၀) ကုန်တယ်။ ဘန်ကောက်ကနေ မဲဆောက်ကို သူဌေးနဲ့လာရတယ်။ ကိုယ့်စရိတ်ကိုယ်ခံပဲ။ မဲဆောက်ဆက်ဆံရေးရုံးမှာ စာရင်းသွင်းပြီး မြ၀တီဘက် ကူးရတယ်။ နိုင်ငံသားဟုတ်မဟုတ် အစစ်ခံပြီးရင် ရုံးမှာ ကျပ် (၃,၀၀၀) ပေးရတယ်။ ပြီးမှ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးတယ်။ အဲဒီလက်မှတ်ကို မဲဆောက် ထိုင်းလ၀ကရုံးကိုသွားပြရတယ်။ ထိုင်းက (၂) နှစ် ဗီဇာပေးတယ်၊ ဘတ် (၂) ထောင်ပေးရတယ်၊ တချို့ဆိုရင် (၃) ရက်လောက်စောင့်ရတယ်။ ဒီကိစ္စလာတာ အနည်းဆုံး ဘတ် (၁) သောင်းပဲ။ တော်ရုံလူမလာနိုင်ဘူး” ဟု ခေတ်ပြိုင်သို့ပြောသည်။

မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မြ၀တီဘက်သို့သွားရာတွင် ထိုင်းအလုပ်သမားရုံး၏ ထောက်ခံစာ မြန်မာမှတ်ပုံတင်နှင့် ထိုင်းအလုပ်ရှင်ပါ အတူလိုက်ပါရမည်ဖြစ်သည်။

ဘန်ကောက်တွင် ပလာတာရောင်းသည့် ကိုမာမက်က “လက်မှတ်လာလုပ်တာ သုံးရက်ရှိပြီ၊ မရသေးဘူး။ ကျနော့်နောက်က လာတဲ့သူ ရသွားပြီ။ တချို့မှတ်ပုံတင်မရှိလည်း သူတို့စစ်တာကို ဖြေနိုင်ရင်ထုတ်ပေးတယ်။ မြန်မာမှတ်ပုံတင်ရှိရက်နဲ့ ကုလားဖြစ်တော့ သူတို့ပိုရစ်တယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်သည့် မြန်မာအလုပ်သမားတဦး၏၀င်ငွေသည် ဘတ် (၁၀၀) ၀န်းကျင်သာရှိသောကြောင့် တရားဝင် အလုပ်သမားဖြစ်ရန်အတွက် ကုန်ကျစရိတ်မှာ ထိုင်းအလုပ်သမားမှတ်တင်ခ (၃,၈၀၀) ဘတ်၊ ယာယီမြန်မာနိုင်ငံကူးလက်မှတ်ခ ကျပ် (၃,၀၀၀) နှင့် ထိုင်းဗီဇာကြေး (၂,၀၀၀) ဘတ်အပြင် ထိုင်းနိုင်ငံအတွင်း ရပ်ဝေးဒေသမှ လာရောက်ရသည့်အတွက် စုစုပေါင်းကုန်ကျစရိတ်မှာ အနည်းဆုံး ဘတ် (၁၀,၀၀၀) ခန့်ရှိပြီး ၎င်းကုန်ကျစရိတ်ကို အလုပ်ရှင်ကမပေးဘဲ မိမိဘာသာ ကျခံရသည့်အတွက် စိတ်ဝင်စားသူ အလုပ်ရှင်နှင့် အလုပ်သမား နည်းပါးခြင်းဖြစ်သည်။

ဘန်ကောက်ရှိ မြန်မာအလုပ်သမားများ မြ၀တီတွင် လက်မှတ်သွားလုပ်လိုပါက တဦးလျှင်ဘတ် (၉,၀၀၀) နှုန်းဖြင့် ပွဲစားများက ပြုလုပ်ပေးပြီး လူ (၁၀) ဦးပြည့်မှသာ ပို့ပေးသည်ဟု ပွဲစားနှင့်လာသူတဦးက ပြောသည်။

မြန်မာအလုပ်သမားများ မြ၀တီတွင် လက်မှတ်ပြုလုပ်ရန်အတွက် မဲဆောက်ရှိ ထိုင်း-မြန်မာယဉ်ကျေးမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအသင်း၊ ဆက်ဆံရေးရုံးမှတဆင့် စာရင်းပေးသွင်းပြီး မြ၀တီမြို့သို့သွားရန် ၎င်းရုံးမှ စီစဉ်ဆောင်ရွက်ပေးသည်။

ယာယီမြန်မာနိုင်ငံကူးလက်မှတ် ပြုလုပ်ခြင်းဖြင့် ထိုင်းတနိုင်ငံလုံးတွင် အလုပ်လုပ်ခွင့်နှင့် မည်သည့်ဒေသမဆို သွားလာခွင့်ရမည်၊ တရားဝင်ဗီဇာဖြင့် နေထိုင်ခွင့် (၂) နှစ်ရမည်။ ထိုင်းအလုပ်သမားဥပဒေပါ ခံစားခွင့်များ အပြည့်အ၀ရရှိမည်ဟု မြန်မာဘက်မှထုတ်ဝေသည့် လက်ကမ်းစာစောင်တွင် ပါရှိသည်။

ယာယီနိုင်ငံကူးလက်မှတ်များကို ယခင်လ (၁၅) ရက်မှ စတင်ပြုလုပ်ပေးပြီး မြန်မာဘက်မှ ကနဦးထုတ်ပြန်သည့် သတင်းများအရ ယခုပထမအပတ်ထိ လက်မှတ်လာရောက်ထုတ်ယူသူ (၁၂၃) ဦးသာရှိပြီး ကော့သောင်းတွင် (၁၁၃) ဦးနှင့် မြ၀တီတွင် (၁၀) ဦးတို့ဖြစ်သည်ဟု သိရသည်။

ထိုင်းတနိုင်ငံလုံးတွင် မြန်မာနိုင်ငံသား (၂) သန်းခွဲခန့်ရှိပြီး တရားဝင် အလုပ်သမားမှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၅) သိန်းခန့်ရှိသည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် အစိုးရမဟုတ်သောအဖွဲ့များက ပြောသည်။

မြ၀တီတွင် လက်မှတ်ထုတ်ယူသူအများစုမှာ ဘန်ကောက်နှင့်အခြားခရိုင်များမှဖြစ်ပြီး မြန်မာအလုပ်သမား (၁) သိန်းခွဲခန့်ရှိသည့် မဲဆောက်ဒေသတွင်းမှ လက်မှတ်သွားရောက်ထုတ်ယူသူမရှိကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူ တဦးက ပြောသည်။

မြန်မာဘက်မှ လက်မှတ်ထုတ်ပေးရေးစခန်းများကို တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက် ဗိုလ်ချုပ်လမ်း ဖုန်း (၀၀၃,၃၃၃,၀၅၃)၊ မြ၀တီမြို့ အမှတ် (၄) ရပ်ကွက် ကျောက်လုံးကြီးစခန်း ဖုန်း (၀၉၅,၀၉၀,၀၉၄)၊ ကော့သောင်းမြို့ တော်ဝင်လမ်း အေးရိပ်ငြိမ်ရပ်ကွက် ဖုန်း (၀၅,၉၅၀,၉၅၈) စသည့်နယ်စပ်မြို့တို့တွင် ဖွင့်လှစ်ထားသည်။
ခေတ်ပြိုင်မှကူးယူဖော်ပြပါသည်။

ထားဝယ်မိုး

Filed under ကဗျာ by thureinhlaing on 26-08-2009

တိမ်သလ္လ္လာညိုကာ ယိမ်းအဖွဲ့လို ”က”
ဟိုမှာဒီမှာ ကပြာကယာ
ပြေးဆော့ကာနေ နေကြပြီဆို
အမိုးမလုံက ကမ်းကုန်အောင်ဖာဖို့ပြင်ကွဲ့
ခွက်ဖလားမကျန်အောင်ပ စိတ်ဆိုးကာမာန်မယ့်မိုး။

ပလီပလာ တီတီတာတာ
မူယာ မာယာ နွဲ့ ကာ မချွဲတတ်ပါဘု
မာယာဆို ပမာကို ပြစရာမရှိသမို့
ဝေဟင်မှာ တိမ်ညိုတွေ ကျောက်ချရင်ပ
ကွင်းပြင်မှာ မင်းထင်သလို သွားမနေနှင့်ကွဲ့
တဝေါဝေါအော် မင်းဆီကို မိုးစစ်ဆင်တော့မယ်
ထီးအသင့်ပြင်ထား။

ရွာပြီဆို တဂျီဂျီ တအီအီ မစဲပါဘု
မရွာဘူးဆို နွေလိုနေရောင်ဟာ လူလုံးပြသပေါ့
မိုးစက်တွေ ဘယ်သူခိုးတယ် တွေးမိထင်မှား
အထင်ဟာမကြာပါ အစဉ်အလာမိုးသည်းဟာဖြင့်
ဆက်တိုက်မစဲ တစ်ပတ်ဆိုတာ အောက်ထစ်ပဲမို့
တစ်ခါရွာ တစ်ခါရေကြီးတာ ကြုံရသကွဲ့
စိတ်ကြီးတဲ့မိုး။

ထားဝယ်မိုး တကယ်ဆိုးတယ် မပြောနိုင်ပါဘု
အညာတမာ အဆောင်မှားကွေးရအောင်ပ
အတန်းလစ်တာ စေတနာနဲ့ပါကွဲ့……….အဟဲ့
မဒီပျို အဘယ်ကို သွားမှာလဲကွယ်
ကျွတ်ဖါကို ဖောင်ဖွဲ့ပို့မယ် ကမ္ဘာအဆုံးထိလား
မြှော့ရယ်၊ ကျွတ်ကယ်မကြောက်ပါလေနဲ့ ငါ့ကိုသာဖက်ပါကွဲ့
မိုးသည်းတိုင်း ပြောမဆိုင်းစကားတစ်ခွန်းဟာဖြင့်
ငပိသုပ်နဲ့ ဗိုက်အပြည့်အုပ်ပြီးရင်ပ
သိန်းတန်သီချင်းနဲ့ ထမင်းလုံးစီစောင်ခြုံကွေးမယ်
ထားဝယ်မိုးဟာ ဒါမျိုးက တအားငြိမ့်ပါရဲ့
ကွယ်…….သိကြားမင်းဖယ်ထား။

သားကြီး

(နောက်ဆုံးနှစ်ကျောင်းသားဘ၀ကရေးဖြစ်တဲ့ ကဗျာတစ်ပုဒ်ပါ။ ထားဝယ်မိုးက စိတ်ကြီးတယ်။ အဲဒီလိုပဲ………ထားဝယ်သူ ထားဝယ်သားတွေကလည်း ထားဝယ်မိုးလိုပဲ ဟောဟောဒိုင်းဒိုင်းတဲ့…….။ ရန်ကုန်မိုးအကြောင်း ဖွဲ့ကြသလိုပေါ့။ရာသီဥတုနဲ့ လူ့ရဲ့စိတ်ဟာ ဆက်စပ်မှူရှိတယ်မဟုတ်လား….။ )

Grand Royal အရက်ချက်စက်ရုံ ယနေ့ မီးထပ်လောင်

Filed under သတင်း by thureinhlaing on 25-08-2009

မဇ္ဈိမ (ချင်းမိုင်)။ ။ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ နာမည်ကြီး ဝိုင်နှင့် အရက် အမှတ်တံဆိပ် Grand Royal စက်ရုံတွင် ယနေ့နေ့လည် ၁၂ နာရီကျော်က ထပ်မံ၍ မီးလောင်မှု ဖြစ်ပွားခဲ့ရာ နှစ်ရက်အတွင်း ဒုတိယမြောက် မီးလောင်မှု ကြုံတွေ့ရခြင်း ဖြစ်သည်။

ပြီးခဲ့တဲ့ စနေနေ့က ၎င်းစက်ရုံမှ အရက်ထုတ်လုပ်သည့် အရက်ဆီပေါင်းအိုး ၂ လုံး ပေါက်ကွဲ၍ မီးလောင်ခဲ့ခြင်း ဖြစ်ပြီး ကျန်ရှိနေသေးသော အရက်ချက်ရာ၌ အသုံးပြုသည့် စပါးခွံနှင့် ပြောင်းဖူးအူတိုင် များမှ မီးစွဲ၍ ယနေ့ ထပ်မံ လောင်ကျွမ်းခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

“ခုကတော့ သူတို့အရက်ချက်စက်ရုံမှာ ပြောင်းဖူးနဲ့ စပါးခွံတွေက မီးမငြိမ်သေးတာ။ မီးကတော်ရုံတန်ရုံ ငြိမ်းမှာမဟုတ်ဘူး။ သူတို့က ဂိုဒေါင်ထဲမှာ တစ်နှစ်စာ ၂ နှစ်စာ အဲဒီလို လှောင်ထားတာ။ အဲဒီ ပေါက်ကွဲ ကတည်းက လောင်တာ ခုထက်ထိ မငြိမ်းသေးတာ။ ခုကတော့ အဲဒီ့ ပြောင်းဖူးထားတဲ့နေရာ စပါးခွံ ထားတဲ့ နေရာကနေ လောင်နေတာ” ဟု လှည်းကူးမြို့ခံတဦးက မဇ္ဈိမသို့ ပြောသည်။ လှည်းကူးမြို့နယ် မီးသတ်ဌာနသို့ ဖုန်းဆက်မေးမြန်းရာ မီးသတ်ကား နှစ်စီးဖြင့် ထွက်သွားကြပြီး မီးသတ်ဝန်ထမ်း တဦးမျှ မရှိကြောင်း ဖုန်းလာကိုင်သူ အမျိုးသမီးတဦးက ပြောသည်။

“သူတို့ မရှိကြဘူး။ အရက်စက်ရုံ မီးလောင်လို့ သွားတယ်။ ဒီနေ့ ၁၂ နာရီခွဲ လောက်က လောင်တာ။ တအားကြီးတော့ မဟုတ်ဘူးပေါ့။ ခု နေပူရှိန်နဲ့ အောက်ကလည်း မီးငွေ့လေးတွေ ကျန်မှာပေါ့” ဟု သူက မဇ္ဈိမသို့ ပြောသည်။

ယနေ့ ထပ်မံ လောင်ကျွမ်းမှုသည် ကြီးမားခြင်း မရှိသော်လည်း ပြီးခဲ့သည့် စနေနေ့ မီးလောင်မှုတွင် စက်ရုံ တစ်ရုံလုံးနီးပါး ကုန်ဆုံးခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရခဲ့၍ ရန်ကုန်ဆေးရုံကြီးတွင် ပို့ထားရကြောင်း မြို့ခံများက ပြောသည်။

သို့သော် ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌မူ မီးလောင်ကျွမ်းချိန် ၅ နာရီကျော် ကြာမြင့်သည့် ယင်းမီးလောင်မှုတွင် သေဆုံးသူ ၃ ဦးရှိပြီး ၆ ဦး ဒဏ်ရာရခဲ့ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော်၊ မီးသတ်ယာဉ် ၄၇ စီး၊ ကွပ်ကဲမှုယာဉ် ၁၀ စီး အသုံးပြုခဲ့ကြောင်း ဖော်ပြထားသည်။

ဒဏ်ရာရခဲ့ကြသည့် လူနာများနှင့် ပါတ်သက်ပြီး ရန်ကုန်ဆေးရုံကြီးသို့ ဆက်သွယ် မေးမြန်းရာတွင် ၎င်း လူနာများသည် Emergency Room (အရေးပေါ်အခန်း) မှတဆင့် သက်ဆိုင်ရာ ဌာနများသို့ ပို့ဆောင် လိုက်ပြီး ကုသလျက်ရှိကြောင်း၊ အသေးစိတ်ကို ပြောဆိုခွင့် မရှိကြောင်း အရေးပေါ်ခန်း တာဝန်ကျ ဝန်ထမ်းတဦးက ပြောသည်။

စက်ရုံသုံးပစ္စည်းများ ဖြစ်သည့် ကား၊ ထော်လာဂျီ၊ မီးစက်၊ ဆိုင်ကယ်နှင့် အခြား စက်ပစ္စည်းပေါင်းများစွာ မီးထဲပါသွားပြီး စက်ရုံ ဝန်ထမ်းများအတွက် လာရောက် ဖွင့်လှစ်ထားသော ထမင်းဆိုင်နှင့် အခြားဈေးဆိုင် ၅ ဆိုင်ခန့် မီးထဲ ပါသွားကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၏ အရက်ဈေးကွက် ၈၀ ရာခိုင်နှုန်းကျော်ကို ထိန်းထားသည့် International Beverages Trading Co., Ltd. မှ ထုတ်လုပ်သော Grand Royal Whisky (တံဆိပ်အမဲရောင်ပတ်) သည် လူကြိုက် အများဆုံး စရင်းဝင်ဖြစ်သည်။ ယင်းကုမ္ပဏီမှ ထုတ်လုပ်သော အခြားအရက်များမှာ ရွှေရောင်တံဆိပ်ပတ်ပါ Special Reserve Grand Whisky၊ Eagle Whisky၊ Heather Gate Whisky တို့နှင့် Royal Special London Dry Gin၊ London Rum တို့ ဖြစ်သည်။
မဇ္ဈိမ မှကူးယူဖော်ပြသည်။

ကံယုံကျောင်းဆရာတော် ဘန်ကောက်တွင်ဆေးသွားကုမည်

Filed under သတင်း by thureinhlaing on 22-08-2009

ထားဝယ်နယ်တွင်နာမည်ကြီးဆရာတော်တပါးဖြစ်သောမောင်းမကန် ကံယုံကျောင်းဆရာတော်မှာ နှလုံးရောဂါကြောင့် လာမည့်ရက်ပိုင်းအတွင်း ဘန်ကောက်ဆေးရုံ ကြီးတွင်သွားရောက်ကုသမည်ဖြစ်ကြောင်း ဆရာတော်၏တပည့် ရဟန်းတပါးကမိန့်ကြားသည်။
ဆရာတော်မှာနှလုံးရောဂါကြောင့်ပြီးခဲ့သည့်သြဂုတ် ၂၀ ရက်က ရန်ကုန်မြို့ အာရှတော်ဝင်ဆေးခန်းသို့တက်ရောက်ဆေးကုသမှုခံယူလျက်ရှိပြီး ယင်းနောက်ဘန်ကောက်ဆေးရုံကြီးသို့ထွက်ခွာမည်ဖြစ်သည်။

Subscribe to RSS Feed Rss